Skip to main content

မစဉ်းစားခြင်းသေတ္တာ



မစဉ်းစားခြင်းသေတ္တာ 


ကမ္ဘာပေါ်မှာ

ကိုယ့်ကိုချစ်တဲ့လူဟာ

ဘောလုံးသင်းတစ်သင်းစာလောက်မှ

ရှိရဲ့လား

မစဉ်းစားတော့ပါဘူး … တဲ့။


ဘယ်သူဟာ

ပန်းသီးတစ်လုံးကို စားပြီး

နယူတန်လို တွေးခေါ်မိပါသလဲ

မစဉ်းစားတော့ပါဘူး … တဲ့။


သီချင်းတစ်ပုဒ်ကို နားထောင်ရင်း

ဘယ်သူဟာ

ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို့လဲ

မစဉ်းစားတော့ပါဘူး … တဲ့။


တစ်ကိုယ်လုံး တစ်ဘဝလုံး စုပ်ယူ

ကိုယ့်ကို မသေရုံ မွေးမြူထားတဲ့လူတွေ

ရှိနေပြီ

မစဉ်းစားတော့ပါဘူး … တဲ့။


မည်သူမဆိုပေါ့

အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး

တစ်ခုခု လွဲချော်နေတဲ့အကြောင်း

ပြောပြချင်တယ်

မစဉ်းစားတော့ပါဘူး … တဲ့။


ကမ္ဘာပေါ်မှာ

ဘယ်အရာမဆို ညာလို့ရပေမယ့်

အစာအိမ်ကို ညာလို့မရတဲ့အကြောင်း

ပြောပြချင်တယ်

မစဉ်းစားတော့ပါဘူး … တဲ့။


လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ

ပင်လယ်ရှိတယ်

လူတွေဟာ

ဒီပင်လယ်ကို ကျယ်ပြန့်အောင်

နက်ရှိုင်းလှပအောင်

မစီးဆင်းတတ်ကြဘူး

မစဉ်းစားတော့ပါဘူး … တဲ့။


မစဉ်းစားခြင်းသေတ္တာတစ်လုံး ရှိခဲ့တယ်

ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့

ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်

မစဉ်းစားခြင်းသေတ္တာဟာ

လေချွန်ပြီးနေလေရဲ့။ ။


မောင်ချောနွယ်

Comments

  1. မိုက်တယ်
    ဆရာမောင်ချောနွယ်ရဲ့ကဗျာလေးတွေနဲ့ဆိုတော့

    ReplyDelete
  2. မစဉ်းစားခြင်းသေတ္တာက လေချွန်ပြီးနေလေရဲ့

    ReplyDelete

Post a Comment